Monday, September 1, 2014

မသိသောသူ ၀ိုင်းဝန်းကူစို့ (1.9.2014)

မသိသောသူ ၀ိုင်းဝန်းကူစို့ (1.9.2014)
*****************************************


ယခု မြင်တွေ့ရတဲ့ပုဂ္ဂိုလ်ကြီးက အူကျွန်နေတာကို ဗိုက်ခွဲပြီး ပြန်ထည့်ထားသူပါ။ မိမိတို့ ရပ်ကွက်လေးထဲမှာညနေစောင်းတိုင်း သူ့ဗိုက်ကြီးကို ပြပြီး လိုက်လံတောင်းရမ်းလေ့ရှိပါတယ်။ မိမိ သူ့ကို တွေ့တော့ ဟိုးလွန်ခဲ့တဲ့ နှစ်များဆီက အူကျွံကျဟန်ဆောင် လမ်းဘေးမှာ ပစ်လဲချပြီး အလှူခံတတ်တဲ့ လူတစ်ယောက်အကြောင်းကို စဉ်းစားမိတယ်။

လူတွေက သနားလို့ ငွေဝိုင်းထည့်၊ ကားနဲ့ ဆေးရုံလိုက်ပို့ရင် ဆေးရုံကြောက်တယ်ဆိုပြီး လမ်းတစ်ဝက်မှာ ဆင်းပြေးသွားတတ်တယ်။ အမှန်တော့ ဘေးက ပိုက်နဲ့ထည့်ထားတာကို ပြန်ထုတ်ပြီး ဟန်ဆောင်တယ်လို့ သူများတွေက ပြောကြတာပါပဲ။ အခု ဒီပုဂ္ဂိုလ်ကြီးကို တွေ့တော့ သူ့ဗိုက်ကြီးက ဖောင်းတင်းကားပြီး မာကြောနေပြီ။ ပြန်ခွဲရမယ်။ ဒါကြောင့် ပိုက်ဆံလိုက်တောင်းနေတယ်။ ဒါကြီးကို ပြပြီး ပိုက်ဆံရတယ်ဆိုပြီး အတောင်းကောင်းနေလို့က အချိန်လွန်သွားရင် သူ့အတွက် ဘေးအန္တရာယ် ရှိလာနိုင်တယ်။ နောက်တစ်ခုက ဒီရောဂါဝေဒနာကြီးနဲ့ ရိုးရိုးသားသား ထမ်းပိုးလုပ်ကိုင်စားမယ်ဆိုရင်လည်းသူ့အတွက် မဖြစ်နိုင်ပါဘူး။ အသက်အရွယ်လည်း ကြီးရင့်နေပြီ။ ဒါကြောင့် သူ့ကို မိမိ ငွေ ၅၀၀၀ လှူတယ်။ ပြီးတော့ လမ်းဘေးကို သေသေချာချာခေါ်ပြီး ကျကျနန ကျန်းမာရေး ဗဟုသုတတွေကို ရှင်းပြတယ်။ အခု ဆေးရုံတွေမှာ အရင်လို စရိတ်မျှပေး ကျန်းမာရေး မဟုတ်တော့ဘူး။ အခမဲ့ ကုသလို့ရနေပြီ။ ဒါကြောင့် အရေးပေါ်ကိုသွားဖို့ အမြန်ဆုံးပြင်။ Ambulance ကားခေါ်ချင်ရင်လည်း ခေါ်လို့အဆင်ပြေအောင် မိမိ သွေးမေတ္တာရဲ့ ဖုန်းနံပါတ် 09 73006131 ကို ပေးခဲ့ပါတယ်။ သူ့ကို ပို့ပေးဖြစ်ခဲ့ရင် ကုန်ကျတဲ့ဆီဖိုးကို မိမိတာဝန်ယူပေးမယ်လို့လဲ သူ့ကို ပြောလိုက်ပါတယ်။

ရန်ကုန်မြို့မှာ အသိဥာဏ် နိမ့်ပါးသူများဟာ အနာရောဂါတစ်ခုခု ဖြစ်လာပြီဆိုရင် ကိုယ့်အသက်ဘေးကို ဂရုမစိုက်တော့ဘဲ အဲ့ဒီအနာရောဂါကိုပြပြီး တောင်းရတာ ငွေရပေါက်တစ်ခုရယ်လို့ မှတ်ထင်နေကြတယ်။ သူတို့ရဲ့ အသိဥာဏ်နဲပါးမှုကြောင့် အနာရောဂါတွေရဲ့ အချိန်ကာလ ကျော်လွန်မှုတွေဖြစ်ပြီး မသေသင့်ဘဲ သေသွားတဲ့သူတွေအဖြစ် မိမိ တစ်ချိန်က နာရေးကူညီမှု လုပ်စဉ် မြောက်များစွာ တွေ့ရပါတယ်။ ရေဝေး သဂြိုံလ်စက်မှာ ညနေ ၆နာရီကျော်ရင် ပန်းခွေ ပန်းခြင်းအဟောင်းတွေ လမ်းဘေးက ပိုင်ရှင်မဲ့အလောင်းတွေကို မီးသဂြိုလ်ကြရပါတယ်။ အဲ့ဒါ အဲ့ဒီလိုလူမျိုးတွေပဲပေါ့။ ဒါကြောင့် ဒီလိုလူတန်းစားမျိုးတွေကို စာဖတ်သူများ လမ်းမှာ တွေ့မြင်ခဲ့ကြရင်ဖြင့် သူတို့ဘ၀လေးတွေ အချိန်မလွန်မီ မသေဆုံးကြစေရေးအတွက် မိမိတို့ပြောတဲ့ စကားကို လက်ခံမယ့်သူများဆိုရင် ကျန်းမာရေးဗဟုသုတ ကို ၀ိုင်းဝန်းပြီးတော့ ပေးသင့်ကြပါတယ်။ ဒီအနာလေး ဗန်းပြပြီး တောင်းလို့ရမယ့် ပိုက်ဆံကိုပဲ မြင်တယ်။ ကိုယ့်အသက်ဘေးကို မမြင်ဘူးဆိုတာ သူတို့ရဲ့ ကျန်းမာရေးအသိပညာ နည်းပါးမှုကြောင့်ပါ။ ပရဟိတ စိတ်ဓါတ်ရှိသူများ မိမိတို့စကားကို နားထောင်လက်ခံနိုင်ကြသူများကို ရွေးချယ်ပြီး ကူနိုင်ကြပါစေ.. ကယ်နိုင်ကြပါစေ… --------------------------------


 နှလုံးသား မေတ္တာရှင် (1.9.2014) 

မူရင်းဖေ့ ဘွတ် လင့်  (Facebook link) https://www.facebook.com/hnalonntharrmyittarr/posts/526691817462561